ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ် (River Cruise Tour) ပြေးဆွဲ

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ CORONAVIRUS DISEASE (COVID-19) ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် လုံးဝနီးပါးရပ်ဆိုင်းခဲ့ရပြီး ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ရေးအတွက် ကနဦး ကြိုးပမ်းမှုအဖြစ် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တို့၏ လမ်းညွှန်မှုနှင့် အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ရန်ကုန်မြစ်အတွင်း အပျော်စီး သင်္ဘောခရီးစဉ် (River Cruise Tour) ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနပိုင် “တိုးပွားရေယာဉ် နှင့် “တေဇ ရေယာဉ်များဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operation Procedures-SOP) လမ်းညွှန်ချက်များနှင့်အညီ ပြေးဆွဲသွားမည်ဖြစ်ပါသည်။ ရေယာဉ်ပေါ်တွင် ခရီးသည် ၁၂၀ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ် သော်လည်း ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ခရီးသည် ၃၀ ဦးကိုသာ တင်ဆောင်၍ အပျော်စီး သင်္ဘောခရီးစဉ်အား ပြေးဆွဲပေးမည် ဖြစ်ပါသည်။

ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောခရီးစဉ် ဖွင့်ပွဲအခမ်းအနားကို (၂၀.၁၂.၂၀၂၀)ရက်နေ့ (၁၅၃၀)နာရီအချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကျန်းမာရေးဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာ့ခရီးသွားလုပ်ငန်း ရန်ကုန်တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ (ပို့ဆောင်ရေး) ဦးဝင်းကိုအောင် နှင့် တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်၍ ခရီးစဉ်အား စတင်ဖွင့်လှစ်ခဲ့ပါသည်။

ရန်ကုန်မြစ်အတွင်း အပျော်စီး သင်္ဘောခရီးစဉ် (River Cruise Tour) ပြေးဆွဲမည့် ခရီးစဉ်များမှာ (ဗိုလ်တထောင်-ဘုရင့်နောင်-မြစ်သုံးဆိုင်-ဗိုလ်တထောင်) ခရီးစဉ် နှင့် (ဗိုလ်တထောင်-ပဲခူးမြစ်-ဗိုလ်တထောင်) ခရီးစဉ်များ အဖြစ် ပြေးဆွဲသွားမည်ဖြစ်ပါသည်။ ခရီးစဉ်အရ အပတ်စဉ် စနေ့၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာရေးဆိပ်ကမ်းမှ တစ်ဆင့် ညနေ ၄ နာရီတွင် စတင် ထွက်ခွာ ပြေးဆွဲမည်ဖြစ်ပြီး၊ ရန်ကုန်မြစ်အတွင်းမှထွက်၍ ဗိုလ်တထောင်ဘုရားအနီးတစ်ဝိုက်၊ ထိုမှတစ်ဆင့် သန်လျက်စွန်းသို့ ပြေးဆွဲပြီး၊ သန်လျက်စွန်းမှ ပြန်ကွေ့ကာ ရန်ကုန်မြစ်အတိုင်း တောက်လျှောက်ပြေးဆွဲမည်ဖြစ်သည်။ ထို့နောက် တွံတေးမြစ်ဝရှိ မြစ်သုံးစင်းဆုံရာ နေရာသို့ ဆက်လက်ပြေးဆွဲကာ ထိုမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်းတောက်လျှောက် ဘုရင့်နောင် တံတားအနီးထိ ပြေးဆွဲ၍ ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင် ရောက်ရှိလာမည် ဖြစ်သည်။